***** နောက်မယား.....*****
***** နောက်မယား.....*****
"သန်းခင်..ဟဲ့သန်းခင် ထစမ်းပါအုန်းဟာ"
ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ဒေါ်သန်းခင်ကို ဦးလုံးဖြူလှုပ်နှိုးလိုက်သည်။
"ဘာလဲတော်...ယားပြန်ပြီလား"
"အေး"
"ဒါကြောင့်ပြောတာ...မတည့်တာတွေမစားပါနဲ့ဆိုတာ"
ဒေါ်သန်းခင်ကပွစိပွစိပြောရင်း ဦးလုံးဖြူရဲ့နောက်ကျောကို ကုတ်ပေးလိုက်သည်။
"မြင်တော့လည်း မနေနိုင်လို့ပါဟာ...နောက်ကို မစားတော့ပါဘူး"
၅မိနစ် ၁၀မိနစ်လောက်ကုတ်လိုက်တော့မှ ဦးလုံးဖြူရဲ့နောက်ကျောထဲက တရွရွနဲ့ယားနေတာတွေသက်သာသွားတော့သည်။
"ရော့ ဆေးလည်းလူးပေးအုန်း"
ဒေါ်သန်းခင်လက်ထဲကို လူးဆေးပုလင်းလေးထည့်ပေးလိုက်သည်။သူပေးလိုက်တဲ့ပုလင်းကိုအဖုံးဖွင့်ပြီး နောက်ကျောပြင်ကို ဒေါ်သန်းခင်ကပွတ်လိမ်းပေးရင်း...
"ကဲ ရပြီလား..ရရင်အိပ်တော့မယ်"
သူတို့လင်မယားနှစ်ယောက်က အငယ်မတို့မိသားစုနဲ့အတူတူနေကြသည်။ကျန်တဲ့သားသမီးတွေကတော့ သူတို့အိမ်တွေနဲ့သူ။
ဦးလုံးဖြူက ခရမ်းသီးတို့ ငါးဖယ်ဆုပ်တို့မြင်ရင် မနေနိုင်။မြင်တော့ စားမိ။စားမိတော့ သူ့တစ်ကိုယ်လုံးယားယံကာ ကုတ်ခြစ်နေရတော့သည်။ထိုအချိန်ဆို ဒေါ်သန်းခင်နဲ့ တကျက်ကျက်စကားများရသည်။
"သူ့အတွက် ကြက်သားလုပ်ပေးထားတာကျမစားဘူး...ဒီမတည့်ပါဘူးဆိုတဲ့ဟာမှစားချင်..ဒီအဘိုးကြီးနဲ့တော့ ခက်ပါတယ်...တော်ကျုပ်မရှိရင် ညယားတဲ့အခါ ဘယ်သူကကုတ်ပေးမှာတုန်း"
"အဲ့အခါကျ မစားတော့ဘူးပေါ့ကွာ"
ဒီလိုနဲ့ ဒေါ်သန်းခင်က ဦးလုံးဖြူအရင် ဆုံးသွားသည်။သူပြောသလိုပင် သူမရှိတော့ ဦးလုံးဖြူဒုက္ခဖြစ်ရပြီ။နေ့လည်က သမီးကြော်ထားတဲ့ ငါးဖယ်ကြော်၃တုံးလောက်ကို သမီးမသိအောင် ကြောင်အိမ်ထဲကနေ နှိုက်စားထားသည်။စားတုန်းကသမီးမသိပေမဲ့ ယားတော့မှ သမီးကသိသွားတော့သည်။
"အဖေ့..နေမကောင်းဘူးလား"
အခန်းထဲမှာ တလှုပ်လှုပ်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့အသံကို ဟိုဘက်ခန်းကသမီးကကြားသွားဟန်တူသည်။
"အဖေကိုယ်တွေယားနေလို့"
"အဖေနေ့လည်က ငါးဖယ်ကြော်တွေစားလိုက်သေးတာလား"
"အေး"
ဒီတစ်လုံးသာ ဦးလုံးဖြူပြန်ပြောနိုင်သည်။သူ့အပြစ်သူသိလို့ပင်။
"မတည့်ပါဘူးဆို အဖေကစားပြန်ပြီ နောက်ကျောကိုသမီးလာကုတ်ပေးရမလား"
"နေနေ သမီးရတယ် ရတယ် အခုသက်သာသွားပြီ"
သမီးကိုအားနာလို့သာ ဦးလုံးဖြူလိမ်ပြောလိုက်ရသည်။ခုထိကျောထဲက တရွရွတက်နေတုန်း။
သန်းခင်ရယ်...နင်ပြောသလို နင်မရှိတော့ ငါဒုက္ခဖြစ်နေပြီဟ...လို့ တွေးရင်း ဦးလုံးဖြူတစ်ယောက် သူ့နောက်ကျောကို ထီးရိုးကြီးနဲ့ ထိုးထိုးကုတ်ပြီး အယားဖျောက်နေရသည်။
မနက်အိပ်ရာထလို့ မနက်စာစားကြတော့ သမီးဖြစ်သူကို မရှက်မကြောက်နဲ့ ဦးလုံးဖြူထုတ်ပြောရတော့သည်။
"အဖေ့ကို နောက်မယားလေး ဝယ်ပေးပါအုန်းသမီးရယ်"
ဦးလုံးဖြူစကားကြားကြားချင်း သမီးရော သားမက်ရော လန့်ဖြန့်သွားကြသည်။
"ဟာ..အဖေ့"
သားမက်ရဲ့ အာမေဋိတ်သံ။
"အဖေရယ်...ဘယ်လိုပြောလိုက်တာလဲ .....ဒီအရွယ်က တရားအားထုတ်ရတော့မဲ့အရွယ်လေ...အဖေဘာတွေတွေးနေတာလဲ..အသက်၇၀ကျော်မှ လူကြားမကောင်းပါဘူး အဖေရယ်"
သမီးကလည်း သောက်လက်စရေခွက်ကို ရပ်ပြီးပြောသည်။
"ခိခိ အဘိုးက နောက်မယားလိုချင်တာတဲ့"
"အဘိုးက အလတ်ကြီးရှိသေးတဲ့ဟာ..လိုချင်တာမဆန်းပါဘူး"
မြေးတွေကလည်း သူတို့အဘိုးစကားကိုကြားပြီး တစ်ယောက်တစ်ပေါက်ထအော်ကြပြန်သည်။
"တိတ်...မင်းတို့ဘာတွေပြောနေကြတာလဲ"
ဦးလုံးဖြူဒေါသထွက်ကာ ပြန်အော်လိုက်သည်။
"အဖေပဲ နောက်မယားရချင်တာဆို"
သမီးကလည်း သူ့ကိုပြန်အော်သည်။
"ဟ..ငါပြောတဲ့ နောက်မယားဆိုတာ ကျောကုတ်တဲ့ဒုတ်တံလေးကိုပြောတာ...လက်ချောင်းပုံလေးတွေနဲ့....ဘာတွေအတွေးချော်နေကြမှန်းမသိဘူး...ဘယ်လိုဟာတွေမှန်းမသိဘူး"
သူတို့ကို စိတ်ဆိုးပြီး လက်ဖက်ရည်ပင်မသောက်တော့ပဲ ထမင်းစားပွဲကနေ ဦးလုံးဖြူထထွက်လာခဲ့သည်။
ညနေပိုင်းကျ သမီးကြီးက သူ့ကို ဒုတ်တံလေးလာပေးရင်း....
"ရော့အဖေ...အဖေလိုချင်တဲ့ နောက်မယား ခိခိ"
ပြောင်စပ်စပ်နဲ့ပေးပြီး အခန်းထဲကထွက်သွားသည်။
သမီးပေးတဲ့ဒုတ်တံလေးနဲ့ နောက်ကျောဆီလှမ်းကုတ်ရင်း ဦးလုံးဖြူခပ်တိုးတိုးရေရွတ်လိုက်မိသည်။
"အင်း...နောက်မယားက အရင်မယားကြီးသန်းခင်ကုတ်ပေးသလိုတော့ ဇိမ်မရှိတာအမှန်.....မတတ်နိုင်ဘူး...ရှိတာနဲ့ပဲ အယားဖြေရတော့မှာဘဲ"
သူ့ကျောကိုဒုတ်တံနဲ့တဗျင်းဗျင်းကုတ်ရင်း ဒေါ်သန်းခင်မျက်နှာလေးကို ဦးလုံးဖြူမြင်ယောင်နေမိတဲ့ခဏတော့ သစ်သားဒုတ်တံလေးသည် ဒေါ်သန်းခင်ရဲ့နုညံ့တဲ့လက်ကလေးဖြစ်လို့သွားခဲ့သည်။
ရွှေစင်ထိုက်အောင်
Credit

Comments
Post a Comment