လူပျိုကြီး ကိုသိန်းစိုး အသက်ကြီးမှ မိန်းမရသွားသောအခါ

ကျုပ်တို့ရွာထဲက ကိုသိန်းစိုးကြီး အသက်ကြီးကာမှ ကံကောင်းတယ်ပြောမလား ကံဆိုးတယ်ပြောမလားမသိ၊ မိန်းမ ရသွားလေရဲ့ ရသွားတာက ဈေးရောင်းတဲ့ကရင်မ အပျိုကြီး အပြောကြမ်းကြမ်းနဲ့ကိုး နှစ်လလောက်ကြာတော့ ငတိ ကျုပ်ဆီ ပေါက်ချလာတယ်လေ “ငါ့ကောင် လုပ်ပါဦး … ” “ဟ … ဘာလုပ်ရမှာတုန်း ”
“ငါ့မိန်းမကွာ အပြောကကြမ်း ကြမ်း အပေါက်ကဆိုးဆိုးနဲ့ ငါချည်း အအော်ခံနေရတာ မဟန်ဘူးကွ မိန်းမနိုင်နည်းလေးရှိရင် ပေးပါဦးကွာ ” ကိုင်း … သူကလည်း သောကတစ်မျိုး … ဆိုးတာက သူ့ထက် ကျုပ်သောကက ပိုကြီးတယ်လေ … ကျုပ်မှမိန်းမ မရသေးတာကိုး သို့ပေတည့် အကူအညီအတောင်းခံရတယ် ဆိုတော့ ရှိသမျှ မကောင်းဉာဏ်လေး ညှစ်ပစ်ထုတ်ရသေးတာပေါ့
“ဒီလိုလုပ်ဗျာ … ” “အေး ပြောပါဟ ” “ခင်ဗျား အရက်သောက်တတ်လား ” “တယ်ဆိုးတာကိုးကွ … ငါဘယ်တုန်းက သောက်တယ်ကြားဖူးလို့တုန်း ” “အေး … အခုသောက်ရမယ်ဗျာ … မိန်းမနိုင်ဖို့ သောက်ကို သောက်ရမယ် ကိုင်း … ” “ချတာပေါ့ကွာ … မူးမူးနဲ့ ပါးတွေချည်းဆွဲရိုက်ပစ်မယ် ” အကြံကောင်းရင် တစ်ချက်ပဲတဲ့လေ …
ကြားဖူးနားဝက ရှိထား တာကိုး … ကျုပ်လည်း လူရိုးကြီးကိုသိန်းစိုးနဲ့ ကပ်ပြီး အရက်သောက်ရသေးတာပေါ့ ငတိ ပြန်သွားတော့ ပြဲကွဲပြီး သွားတာပဲ ကျုပ်က သိပ်မမူးသေးတော့ လိုက်ချောင်းတာပေါ့။
စပြီလေ အိမ်ရှေ့ရောက်တာနဲ့ ဟိုငမူးက ရန်ရှာတော့တာပဲ … “ဟဲ့ ယဉ်ယဉ်လှ … ထွက်ခဲ့စမ်း ” မကြာဘူး … သူခေါ်ပြီးခဏနေတာနဲ့ သူ့မိန်းမကြီး လက်ထဲမှ တံမြက်စည်းကိုင်လို့ ထွက်လာတော့တာပဲ “ဘာတုန်း … ” “ဟဲ့ … နင်လာစမ်း အနားလာစမ်း ” “ဖြန်း … ” ငိ … နိပ်သဟ ကိုသိန်းစိုးကြီး အရက်အရှိန်နဲ့ ဆော်ကုန်ပြီ
“ကောင်မ … အနားကိုလာစမ်းဆို ” “ဖြန်း … ဗြန်း ” အု … နိပ်သဟ ဒီတစ်ခါ ငတိအလှည့်မဟုတ်ဘူး … ကရင်မကြီးက တံမြက်စည်း နဲ့ကြိတ်တာ … ငတိခမျာ ကျောကို ကော့လို့ သူမှ မထနိုင်ပဲကိုး သုံးချက်လောက့်ဆင့်ရိုက်ပြီးတော့ ကိုသိန်းစိုး ကြီးလှုပ်ကိုမလှုပ်တော့ဘူး …
ချောင်းကြည့်နေတဲ့ ကျုပ်တောင် မျက်လုံးတွေပြာပြီး … အမူးပါပြေသွားတယ်ဆို … အဟုတ် နောက်ရက် အမူးပြေတော့ … ငတိ ပြန်ရောက်ချလာတာပဲ “ငြိမ်းမောင် … အကြံပေးပါဦးဟ ” “ဟိုနေ့က … အဆင်မပြေဘူးလား ” သိသိကြီးနဲ့မေးတာ … ငတိအဆော်ခံရတာ
ကျုပ်ကိုယ်တိုင်မြင်ထားတာပဲလေ … “ဘယ်ပြေရမလဲ မောင်ရာ တံမြက်စည်းနဲ့ရိုက်တာဆိုတာ … ပက်လက်တောက်မလှန်နိုင်ဘူး အရှိုးရာတွေကိုထပ်လို့ ” “ကိန် … ” “ဒါပေမယ့်ကွာ … ငါမူးနေလို့ ခံလိုက် ရတာပါ တခြားနည်းလမ်းပြောကွာ ”
“မြွေ မွေးမလား ” “ဟမ့် … ” ပြောကာရှိသေး ငတိက အနောက်ကို နှစ်တောင်လောက်ခုန်ဆုတ် သွားတယ် … “မိန်းမတွေက မြွေကြောက်တယ်လေ … ခင်ဗျားမွေးထားလိုက်ရင် ကိုင်း … အဲဒီမိန်းမကို တစ်သက်လုံးနိုင်ပြီ ” “အဲ … ဟုတ်သဟ … ဒါနဲ့ မြွေက ငါ့ကိုက်ရင်ရော … ”
“အလှမွေးတဲ့မြွေတွေရှိပါတယ်ဗျာ မကိုက်ဘူးလေ … ” “အေး … ချကွာ ” ငတိမှာ … မိန်းမနိုင်ချင်ဇောနဲ့ ခိုးထားတဲ့ပိုက်ဆံထဲက ငါးသောင်းကျော်နဲ့ မြွေတစ်ကောင်ဝယ်သွားပါလေရော … ဒီတစ်ခါတော့ ကျုပ်မလိုက်တော့ဘူးလေ … အဆင်ပြေမှာသေချာပြီကိုး။
ညနေလောက်ကျတော့ ငိုကြီးချက်မနဲ့ ပြန်ရောက်ချလာတယ် … “အီး … ဟီး ဟီး … အီး ” “မရယ်ပါနဲ့ဗျာ … ” “ဟ … ငိုနေတာဟ ငိုနေတာ ခွီးထဲ ” “ဘာဖြစ်ပြန်ပြီလဲဗျာ … ” “ဘာဖြစ်ရမလဲ မင်းပေးတဲ့ငါးသောင်းတန်မြွေလေ … ဟိုငတိမ ကြောက်မလားလို့ သူ့ရှေ့ထုတ်ပြလိုက်တာ … အား ..ဟား…ကုန်ပါပြီ ”
“ဟမ့် ဘာဖြစ်တာတုန်း ” “ငါထုတ်ပြတဲ့မြွေကို ဟင်းစားရပြီဆိုပြီး … ချက်စားလိုက်လေရဲ့ကွာ အား … ဟီး … ငီး ” “ခွစ် … ဂစ် ” ကျုပ်မှာရယ်ရမလို ငိုရမလိုနဲ့ …အကြံပေးရမှကို လန့်သလိုလိုဖြစ်လာတယ်လေ … ဘယ့်နှယ်ဗျာ မြွေကိုမကြောက်တဲ့အပြင် ချက်စားသတဲ့
“ဒီလိုလုပ်ဗျာ … ” “ငွဲ … ဘိုလိုလုပ်ရမလဲ ” “ခင်ဗျားမိန်းမ ဘာကြောက်လဲ ” “ငါ ဘုန်းကြီးဝတ်သွားမှာကို … ” “ဖီး … ဘာလို့တုန်း ” “ပြန်မထွက်မှာ စိုးသတဲ့ကွာ … ” “ဒါအခွင့်အရေးပဲဗျ … တစ်လလောက်ဝတ်ပြလိုက်ဗျာ … ပြီးရင် မထွက်တော့ဘူးလို့ခြောက် …
ဒါဆို ကိုယ်လိုသလို ပုံသွင်းလို့ ပြီပေါ့ဗျာ… ” “ဟ … ဟုတ်သဟ လုပ်ကြတာပေါ့ကွာ ” ကိုသိန်းစိုးကြီးကို အကြံပေးပြီး … နောက်တစ်ရက်မှာပဲ ကျုပ်လဲ ရန်ကုန်မြို့တက် အလုပ်လုပ်ရတော့တာပဲ …
ငါးနှစ်ပြည့်လို့ ကျုပ်ရွာထဲပြန်ရောက်တော့ … ရွာဦးကျောင်းရှေ့မှာ ဦးဇင်းသိန်းစိုးခမျာ သင်္ကန်းဝတ်ကြီးနဲ့ တံမြက်စည်းလှဲနေလေရဲ့ …။ “ဟာ … ဦးဇင်း သင်္ကန်းထပ်ဝတ်တာလား ” “ခွီး … ဂျင်းကောင် ထွက်ကိုမထွက်ရသေးတာ ကွ ” “ဗျာ… ဘယ့်နှာကြောင့်တုန်း ”
“ဦးဇင်းဝတ်တာ တစ်လပြည့်တော့ ဟိုဒကာမက ထွက်ဖို့လာလျှောက်တယ်လေ … မင့် အကြံနဲ့ ငါငြင်းလွှတ်တော့ ငတိမက နောက်တစ်ရက် လင်ထပ်ယူပါလေရော ငါ့ကိုဘယ်လိုပြောတယ်မှတ်လဲ ” “ဘယ်လိုပြောလဲ ဦးဇင်း ”
“လောကကိုစိတ်ကုန်လို့ တရားရှာမှတော့ ပြန်မထွက်ပါနဲ့တော့တဲ့ ရှိသမျှငါ့ပစ္စည်းတွေလဲ သူပဲယူလိုက်ပြီတဲ့လေ ” “ဘုရား … ” “ငါ့မှာ မဝတ်ချင်လို့လူထွက်တော့ နင့်မေဂျီးတော်အိမ် သွားနေရမှာလား ငြိမ်းမောင်ရဲ့ … ” ဦးဇင်းသိန်းစိုး တံမြက်စည်းနှင့်လိုက်ရိုက်၍ …။ ကျွန်ုပ် အိမ်သို့ တစ်ချိုးတည်းပြေးခဲ့ရလေတော့သည် …။ ကတောက်စ်!

Comments
Post a Comment