"လမ်းနာမည်များ''



"လမ်းနာမည်များ''
.

သူငယ်ချင်းက သူ့ညီဝမ်းကွဲတစ်ယောက် နေမကောင်းလို့ လူနာမေးသွားချင်လို့ အဖော် လိုက်ခဲ့ပါဆိုတာနဲ့ ပါသွားတယ်။

မန္တလေးနားက မြို့လေးတစ်မြို့ပေါ့။

ကိုယ်က ငိုက်ရင်းလိုက်လာတာဆိုတော့....
ကိုယ့်လူ ကားမောင်းရင်း သီချင်းညည်းတာတွေ
ကားကျော်တက်လို့ ဟွန်းတီးသံတွေ
ဆိုင်ကယ်သမား ကိုရို့ကားယားလုပ်လို့ လှမ်းဆဲတာတွေ မကြားတချက် ကြားတချက်နဲ့

မြို့ထဲ ဝင်ခါနီးတော့...
သူဖုန်းဆက်မေးနေသံ ကြားရတယ်...
စပီကာဖွင့်ပြီး ပြောနေတာဆိုတော့ အကုန်ကြားနေရတာပေါ့...

"ဟေ့ရောင်... ဘယ်လမ်းက လာရမှာလဲ၊ လမ်းထိပ်မှာ တံတားပြင်နေတာဆို''
"ဟုတ်တယ်... လိပ်ခေါင်းလမ်းက မဝင်နဲ့''

"လိပ်ခေါင်းလမ်းက မဝင်လို့ ဘယ်လမ်းက ဝင်ရမလဲ''
"အနာကြီးလမ်းက ဝင်ခဲ့ကွ''

"အေး အေး... ကျောင်းပေါက်နဲ့ တည့်တည့်လမ်း မဟုတ်လား''
"အေး... အဝီစိတွေ့ရင် ဘယ်ချိုး''

"ဘယ်ချိုးပြီးတော့ ရော...''
"ဘယ်ချိုးပြီး ၃ အိမ်ကျော်ရင် ငရဲလို့ မေးလိုက်၊ ရောက်ပြီ၊ ငရဲ လူတိုင်းသိတယ်''

ဘုရား ဘုရား...

လိပ်ခေါင်းလမ်းတဲ့
အနာကြီးလမ်းတဲ့
အဝီစိတဲ့
ငရဲ ရောက်ရော တဲ့

"ဟျောင့်...ကားရပ်တော့ ငါ ဆက်မလိုက်ရဲတော့ဘူး''
"ဘာလို့လဲဟ''

"မင်းလမ်းတွေ လိပ်စာတွေက ငါကြောက်လာပြီ''
"မကြောက်ပါနဲ့ကွ၊ လမ်းနာမယ်တွေက အရပ်က ပေးထားတာပါ၊ စည်ပင်က ပေးထားတာတော့ ရှိတယ်၊ ဆိုင်းဘုတ်မထူ ဘာမထူဆိုတော့ အရပ်က ခေါ်တဲ့ နာမည်ပဲ တွင်နေတာ''

"ဘာလို့ လိပ်ခေါင်းလမ်းလို့ ခေါ်တာလဲ''
"လမ်းထဲမှာ လိပ်ခေါင်းကုဆေးခန်း ရှိတယ်လေ၊ ဆေးခန်းလမ်းညွန် ဆိုင်းဘုတ်က လမ်းထိပ်မှာ စိုက်ထားတော့ အလွယ်ပဲ လိပ်ခေါင်းလမ်းလို့ ခေါ်လိုက်တာ''

"အနာကြီးလမ်း ကရော? ဆေးခန်းဆိုင်းဘုတ် ရှိလို့ပဲလား''
"မဟုတ်ဘူး၊ အနာကြီးတိုက်ဖျက်ရေးရုံးရှိလို့ အနာကြီးလမ်းလို့ ခေါ်ကြတာ''

"အဝီစိကေရာ...''
"လမ်းထောင့်မှာ အများသုံး အဝီစိတွင်းရှိတယ်လေ''

"ငရဲ က?''
"သူ့နာမည်က ရဲမင်းဦးလေ၊ ရပ်ကွက်က သူ့ကို ငရဲလို့ပဲ ခေါ်ကြတာကိုး''

"အဲ့လိုဆို အပြန်ကျရင် ငါ့ကို စည်ပင်ရုံးလိုက်ပို့''
"ဘာလုပ်မလို့လဲ''

"ဒီရပ်ကွက်မှာ လမ်းညွှန်ဆိုင်းဘုတ် မြန်မြန်လာတပ်ကြပါလို့၊ မဟုတ်ရင် နောက် လာမလည်တော့ဘူးလို့ သွားပြောမလို့''
"အမလေး... စည်ပင်က သူ့လမ်းထိပ်က ဆိုင်းဘုတ်တောင် ဆေးပျက်ပြီး လူမြင်မကောင်း ဖြစ်နေတာ လာမပြင်ဘူးကွ''

"ဘယ်လို ဆေးပျက်နေတာလဲ''
"မူရင်းလမ်းနာမည်က စည်ပင်လမ်း တဲ့၊ ညသတ် နဲ့ ငသတ်က ပျက်တာလား အဖျက်ခံရတာလားမသိဘူး၊
ခုတော့ စ ပ လမ်း ဖြစ်နေပြီလေ''

အေးတာပဲ...
.
.
.
သန်၎ကို - ပေါက်ကရ၄၀

Comments