" အမလေးတော် စမတ်ကျတဲ့ယောက်ျားတွေလည်း အီးပေါက်ရင် ဘူ လို့မြည်တယ်တော့ "
သည်နေ့ မိမိတို့ဆေးကုမ္ပဏီမှာအရောင်းကိုယ်စားလှယ်အစည်းအဝေးရှိသည် ။ကိုလတ်တစ်ယောက် အစောကြီးတည်းက ခေါင်းအစခြေအဆုံး
သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်နေခဲ့ပြီး စိတ်တိုင်းကျပြီဆိုမှအပြင်သို့ထွက်လာခဲ့သည် ။ ကုမ္ပဏီဝန်ထမ်းတွေထဲမှာ အမြဲစမတ်ကျကျနေတတ်ထိုင်တတ် ဝတ်တတ်စားတတ်သူမို့ သူ့ကို အားလုံးက မင်းသား ဟုပင်နာမည်ပြောင်ပေးထားရသည်အထိ ။
" သား .. သွားတော့မလို့လား .. ဒီမှာ မုန့်ဟင်းခါးပူပူလေးစားသွားဦးလေ "
ထမင်းစားခန်းထဲမှအမေ့စကားသံကြောင့် စားပွဲဆီတစ်ချက်ဝေ့ကြည့်တော့ အငွေ့တထောင်းထောင်းနဲ့ စားချင်စဖွယ် ။ သိပ်စဉ်းစားမနေဘဲ အမေ အရံသင့်ထည့်ပေးထားတဲ့ မုန့်ပန်းကန်ကိုဆွဲယူပြီးစားလိုက်သည် ။ ကြက်သွန်ကြော် ၊ ဘယာကြော် ၊ဘဲဥနိုင်းချင်းနှင့်ကောင်းလိုက်သည့်ဖြစ်ခြင်း ။ ပြီး ကုမ္ပဏီကိုတန်းသွားရမည် ။ ဒီနေ့က အရောင်းကိုယ်စားလှယ်တွေလူစုံတက်စုံလာမည်မို့ နောက်ကျ၍မဖြစ် ။
အစည်းအဝေးကစပြီ ။ ကိုယ်စားလှယ်တွေအလှည့်ကျ ရှင်းလင်းတင်ပြနေစဉ် ကိုလတ်တစ်ယောက်လှုပ်လှုပ်ရွရွဖြစ်နေသည် ။ ဗိုက်ထဲမှာမအီမသာကြီး ၊ အီးပါချင်သလိုလို လေလည်ချင်သလို ။ ဘေးဘီကြည့်မိတော့ သူ့ဘေးမှာ အမျိုးသမီးတွေချည်း ။ ပြောရင်း ဗိုက်ထဲတစ်မျိုးဖြစ်လာပြန်သည် ။ အလုံပိတ်အဲကွန်းခန်းမို့ ဒီထဲမှာ ပြဿနာကိုရှင်းဖို့ကလည်းမလွယ် ။ အခြေအနေကိုခဏစောင့်ကြည့်ပြီး
အစည်းအဝေးခေတ္တရပ်နားစဉ်မှာပဲ အခန်းပြင်သို့အပြေးတစ်ပိုင်းထွက်လာကာ တွိုင်းလက်ထဲဝင်ချလာခဲ့သည် ။ ဟိုဟိုဒီဒီကြည့်ရင်းလူရှင်းနေတာသေချာမှ ...
"အင်း .. ဘယ်သူမှမရှိတုန်း ငါ့ပြဿနာကိုအမြန်ရှင်းမှဖြစ်မယ် "
ပုဆိုးကိုလျှော့ ၊ အံကိုကြိတ်ပြီး စိတ်ရှိလက်ရှိ လေလည်ပစ်လိုက်သည် ။ ထွက်လာတဲ့အသံကလည်းသံစုံတီးဝိုင်းအလား ။ ဟင်း .. ငါ့ကိုဒုက္ခပေးတဲ့ဟာ မှတ်ပြီလား ။ ကျေနပ်ပြီဆိုမှ အပြင်သို့ အောင်နိုင်သူကြီးအလား ခေါင်းမော့ ရင်ကော့ပြီးအထွက် တွိုင်းလက်အပြင်မှ သန့်ရှင်းရေးလုပ်သည့်ဒေါ်နီကဘွားကနဲပေါ်လာသည် ။ သူက ဒေါ်နီ့ကိုကြည့်လိုက် ၊ ဒေါ်နီကသူ့ကိုကြည့်လိုက် ။ ငါ့ကိစ္စကိုသူမကြားနိုင်လောက်ပါဘူးလေ ဟု တွေးရင်း အစည်းအဝေးခန်းဆီခြေဦးအလှည့် .. နောက်နားဆီက ဒေါ်နီ့အသံကြောင့် သူ့တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ကာ ပူထူသွားတော့သည် ။ သူမပြောလိုက်ပုံက ...
" အမလေးတော် စမတ်ကျတဲ့ယောက်ျားတွေလည်း အီးပေါက်ရင် ဘူ လို့မြည်တယ်တော့ " တဲ့ .... ။
~ လေဒီကညာဘေဘီပန်ထွာ ~
Credit

Comments
Post a Comment