"လူလိမ်တစ်ကောင် ဆင်းမယ် ဆရာရေ..."

ဝဋ်လည်တယ် ဆိုတာ ယုံလား
ကျုပ်တော့ ကိုယ်တွေ့မို့ယုံတယ်။

ကျုပ်ငယ်ငယ်တုန်းကပေါ့
သုံးတန်းလောက်က စပြီး ကိုယ့်ဘာကိုယ် လိုင်းကားစီးပြီး ကျောင်းတက်ရတာ

အဲ့အချိန်က မုန့်ဖိုးက ၃၀ ကားခက ၂၀ စုစုပေါင်း ၅၀ ရတယ်။
မုန့်တီတစ်ပွဲအလွတ်မှ ၂၀ ပဲပေးရတဲ့ အချိန်ပေါ့။

ကားခကလည်း ဒိုင်နာ ၅ ကျပ် ကားကြီး ၂၀ ကနေ
ကားအားလုံး ဘယ်စီးစီး ၂၀ ခုန်တက်သွားတဲ့ ကာလ။

အဲ့အချိန် ကျုပ်က ၃/၄ တန်းလောက်ပဲ ရှိသေးတာ။

ကလေးဆိုပေမဲ့ ကလေးအခွင့်အရေးတော့ ကျုပ်က အပြည့်အဝ နားလည်တယ်

အဲ့ဒါကြောင့် ဘယ်ကား စီးစီး ကားခမပေးဘူး

အကောင်က သေးတော့ ကားပေါ် အတက်နဲ့အဆင်းပဲ မြင်ရတယ်
ကားပေါ်ရောက်သွားတဲ့ အချိန်တော့ လိုက်မရှာနဲ့
လူကြီးတွေနဲ့ကာလိုက် လွတ်တဲ့ချောင်ခိုလိုက်နဲ့
စပယ်ယာ ရှာလို့ကို မရတာ

အရေးကြီးတာက ပါးစပ်ပဲ

ကျုပ်က ပါးစပ်ကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချတက်တော့
စပယ်ယာက ကားခ လာတောင်းလည်း

"မပါဘူး ကိုကြီး ဟီး...." ဆိုပြီး သွားလေးဖြီး ပြုံးပြလိုက်ရုံပဲ

အဲ့ဒီ့အခါကြရင် စပယ်ရာက

" အေးကွာ သွားသွား အနောက်ထဲ သွားစီးဆိုပြီး " သွပ်သွင်းခြင်းတော့ ခံရတာပေါ့ ။

ဒါပေမဲ့ ကားခ ပေးစီးတဲ့ လူလည်း
သွပ်သွင်းခြင်းခံရတာပဲ ဘာမှတော့မထူးဘူး။

အဲ့အချိန်က ဂဏန်းတိုး ဆိုတာ လူတိုင်းလိုက်နာရတဲ့ ဆောင်ပုဒ်
လိုင်းကားပေါ်မှာ ဘေးတိုက်မလျောက်တဲ့လူက လူယုတ်မာပဲ

ငယ်ငယ်တုန်းကတော့ ပြောစီးရတာမရှက်ပါဘူး
နည်းနည်းကြီးလာတော့ အိနြေ္ဒသိက္ခာ အရမ်းကြီးတာ

ခြောက်တန်းလောက်ကပေါ့
ကျောင်းဆင်းတဲ့အချိန် အိမ်ပြန်ဖို့ ၃၃ စီးတာ

ကားလာတော့ ကားပေါ်တက်ပြီး ပြတင်းပေါက်ဘေးလေးမှာ သွားရပ်နေလိုက်တယ်။

စပယ်ယာမြင်တော့ ကိုယ့်အနားလာပြီး လက်တို့တောင်းတယ်
ညီလေး ကားခ တဲ့

ကျုပ်ကလည်း အိနြေ္ဒသိက္ခာကြီးတဲ့သူ မလား
အဲ့တော့ ဘယ်လောက်ပဲ လက်တို့တို့ လှည့်ကိုမကြည့်ဘူး

စပါယ်ယာက လေသံနည်းနည်းမာလာတော့
ကျုပ်လှည့်ကြည့်ပြီး သွားဖြီးပြမယ်အလုပ်မှာ
ဘေးနားက ဦးလေးကြီးက ကျုပ်အစား ကားခထုတ်ပေးလိုက်တယ်။
အဲ့တော့မှာ စပယ်ယာ ပါးစပ်ပိတ်သွားတယ်။

အဲ့ဒီလိုနဲ့ လိုင်းကားဆိုတာကို ခိုးစီးလိုက် ပြောစီးလိုက်နဲ့ အရွယ်ရောက်လာပါကော

အရွယ်ရောက်တော့ အရှက်ကလေး နည်းနည်းဝင်လာတာပေါ့
ကားခမတောင်းရင်တောင် ပေးစီးတက်လာတယ်။

စပယ်ရာက မေ့ရင်တောင် ဆင်းခါနီး လက်ထဲထိုးထည့်ပေးခဲ့တာမျိုး

ဒါပေမဲ့ ဝဋ်ဆိုတာလည်း ရှိသကိုး

ကုမ္မဏီတစ်ခုမှာ လခစား ဝင်လုပ်နေတဲ့ အချိန်
အရွယ်ကလည်း လူပျိုပေါက်စ
ဖြစ်ချင်တော့ ဒိုင်နာကားပေါ်မှာ Crush လေးနဲ့ အကြည့်ချင်းဆုံတဲ့ ရက်

အဲ့လို နေ့ကောင်းရက်သာမျိုးမှာမှ ကံကြမ္မာက ဝင်မွှေတာ

အရင်ဆုံး ဒိုင်နာကားပေါ်တက်ပြီး ထိုင်ခုံဘေးမှာ မတ်တပ်ရပ်တာပေါ့
အဲ့ဒီ့နေ့က Crush လေးကလည်း အနောက်တန်းကခုံမှာ
ကျုပ်က အလယ်လောက်မှာ ရပ်နေတော့ ခွက်ရှ်လေးနဲ့ မျက်မှန်းတန်းမိ

အဲ့ဒါနဲ့ လက်တန်းလေးကိုကိုင်ပြီး ခွက်ရှ်လေးကို လက်မောင်းကြားကနေ ရင်တဖိုဖိုနဲ့ ခိုးခိုးကြည့်ရတာအမော

ဒီလို ဒီလို ဇာတ်ရှိန်တက်နေတုန်း
စပယ်ယာက ကားခလာတောင်းတော့
ကိုယ့်မှာ ခန့်ခန့်ငြားငြားကြီး ၅၀၀ တန် တစ်ရွက်ကို
ထုတ်ပေးလိုက်ရသေးတယ်။

ဒီလိုနဲ့ ခွက်ရှ်ကို ခိုးကြည့်လိုက် ငါးချဉ်ပြုံးလေး ပြုံးလိုက်နဲ့ သာသာယာယာ စီးလာလိုက်တာ စတက်တဲ့ မှတ်တိုင်ကနေ ၃ မှတ်တိုင်မြောက်မှာ ကွိုင်စတက်ပါလေကော

ကိုယ့်ဘာကိုယ် တစ်ယောက်တည်း ကြည်နူးနေတုန်း
ဘေးနားကနေ လက်လာတို့တယ် "ညီလေး" တဲ့

"ဗျာ" ဆိုတော့

"ကားခပေးဦးလေ" တဲ့

ဒီလောက် ခန့်ခန့်ငြားငြားကြီး ထုတ်ပေးထားတာတောင်မှ ဒင်းက နောက်ထပ် ကားခ လာတောင်းသေးတယ်။

ကျုပ်လည်း ဘယ်ရမလည်း ပေးပြီးကြောင်းပြောတာပေါ့

"ကျွန်တော် စတက်လာကတည်းက ပေးပြီးပြီလေ"

"မလိမ်နဲ့ညီ မင်းစတက်ကတည်းက ငါမင်းကိုစောင့်ကြည့်နေတာ "

"ဟင်"

"ငါကြည့်လိုက်ရင် လက်မောင်းလေးနဲ့ ကွယ်လိုက် မသိချင်ယောက်ဆောင်လိုက်နဲ့ အကွက်တွေ လှတယ်ညီ"

"ဟာဗျာ ပေးပြီးပါပြီဗျ မယုံရင် ဘေးက ဟိုအကိုနဲ့ အမကို မေးကြည့်ပါလား"

ဟုတ်တယ် ကျုပ်တက်လာတုန်းက ပိုက်ဆံပေးတာကို ဘေးက စုံတွဲမြင်တယ်။ အဲ့တော့ သူတို့ကိုပဲ လက်ညိုးထိုးပြရတာပေါ့။

ဒါပေမဲ့ သူတို့ကို လက်ညိုးထိုးပြီး မေးကြည့် ဆိုတော့မှ ကျုပ်ကို နှစ်တစ်ထောင် ရန်ငြိုးရှင်လို အကြည့်တွေနဲ့ ပြန်ကြည့်ကြတယ်။ ဘာတစ်ခွန်းမှတော့မပြော။

အဲ့ဒါနဲ့ ကျုပ်လည်း ဆက်ပြီး

"ကျွန်တော်ပေးတာတောင် ၅၀၀ တန် ထုတ်ပေးလိုက်တာ
အကိုကတောင် ပြန်အမ်းရဦးမှာ "

"ဘာ....."

စပယ်ယာ ရုတ်တရက် လေသံကျယ်လာတယ်
အဲ့ဒီ့မှာ ခွက်ရှ်အပါ အဝင် တစ်ကားလုံးရဲ့ မျက်လုံးတွေက ကျုပ်ဆီရောက်လာတယ်။

"မင်းက ရုပ်ကလေး သနားကမား လုပ်စားနေကြပေါ့ ဟုတ်လား"

"ဟာ...မဟုတ်ပါဘူး"

"ပုံစံကြည့်တော့ သန့်သန့်ပြန့်ပြန့်နဲ့ ထင်တောင်မထင်ရဘူး
ဒီမှာကြည့်" ဆိုပြီး လက်ကြားထဲက ပိုက်ဆံတွေ ပြတယ်။

"ဘယ်မှာလည်း ၅၀၀ တန် ငါးရာတန် တစ်ရွက်မှ မရှိဘူး
လာလိမ်စားမနေနဲ့"

"၅၀၀ တန်က ဘယ်ရှိတော့မလည်း ခင်ဗျား ပြန်အမ်းလိုက်ပြီကိုး လက်ထဲမှာလည်း တစ်ထောင်တန်တွေရှိနေတာပဲ"

"အေး တစ်ထောင်တန်က မင်းမတက်ခင်ကတည်းက အမ်းထားတာကွ
ဘာမှဗြောင်လာမလိမ်နဲ့"

"ဟာ"

"မပါဘူးဆိုရင်လည်း မပါဘူးပြောစီး"

"ဟင်"

"ခိုးကြောင်ခိုးဝှက်စီးရင်တောင် လက်ခံသေးတယ်"

"ပိုက်ဆံပေးစီးတာဗျ ပိုက်ဆံပေးစီးတာ"

"ဒါဆို ဘယ်မလည်း ၅၀၀ တန် ရော့ကြည့်"

ပိုက်ဆံကိုပြန်ပြတယ်။

"ခင်ဗျား အမ်းလိုက်တာပဲ ဖြစ်မှာပေါ့"

"ငါအမ်းတာ ငါသိတယ်ကွ
မင်းက ဒီလိုမျိုး ကားတကာ ပတ်ပြီး လုပ်စားနေတဲ့ကောင်"

"ဟာ....ကျုပ်မဟုတ်ဘူးလို့ပြောနေတယ်နော်"

"ဒီမှာဗျို့ ခရီးသည်အပေါင်း သူတော်ကောင်းတို့
ကားတွေပေါ်မှာ လုပ်စားနေတဲ့ကောင် ပါလာတယ်
သေချာကြည့်ထား"

"လခွမ်း"

သူအဲ့လိုပြောတော့ အိပ်ငိုက်နေတဲ့ လူတွေတောင် ခေါင်းထောင်ကြည့်တယ်။
ဒါတင်ပဲလား မဟုတ်သေးဘူး
အခုန ခိုးခိုးကြည့်နေရတဲ့ ခွက်ရှ်က တစ်ချိန်လုံး ကျုပ်ပဲ ထိုင်ကြည့်နေတော့တယ်။
မျက်တောင်တောင် မခတ်ရှာဘူး

စပယ်ယာကလည်း ဒီလောက်ပြောနေတာကို အားမနာဘူး
မနားတန်း ဆက်လွှတ်တယ်

"ရုပ်ကလေး သနားကမားနဲ့ ပိုက်ဆံလေး ၅၀၀ ကိုလာလုပ်စားနေတယ်
လူက သန့်သန့်ပြန့်ပြန့် အရွယ်လေးက သန်သန်မာမာ ထင်ကိုမထင်ရဘူး။...ဟိုအနောက်တိုးသွားတဲ့ အကိုလေး
ကားခလေးလှမ်းဦး.... မပါဘူးလား..ရတယ် အလကားစီးသွား
ပြောစီးရင် အလကားစီးသွား လိမ်တော့မစားနဲ့
ပြီးမှ စပယ်ယာ အပေါက်ဆိုးတယ် မပြောနဲ့
ဟို...အမကြီး ၅၀၀ တန်ပေးတာနော် ရော့ ၃၀၀ ပြန်ယူ
ကျုပ်တို့က မလိမ်ဘူး မှန်မှန်ကန်ကန်ပဲ "

တစ်ခွန်းပြောလိုက် ကျုပ်ကို တစ်ချက်ကြည့်လိုက်
တစ်ချက်ကြည့်လိုက် အရွဲ့တိုက်ပြောလိုက်နဲ့
လာပြီးထိုးရင်တောင် ပြန်ထိုးလို့ရသေးတယ်
အခုဟာက ကျုပ်မှာ ရှက်တာကော ဒေါသထွက်တာကောစုံပြီး ဘာစကားလုံးမှ မထွက်လာတော့ဘူး
ကျုပ်က ဘာမှမပြောလေ သူက လွှတ်လေ
သူက လွှတ်ပြောလေ ကျုပ်က စကားမထွက်လေပဲ

ခွက်ရှ်ကိုလည်း မကြည့်ရဲတော့
ခရီးသည်တွေကိုလည်း မကြည့်ရဲတော့
မျက်နာ နောက်တစ်ခုလို့ ပြောင်းလို့ရရင်ပြောင်းလိုက်ချင်တယ်။

ကျုပ်မှာ ၅၀၀ လည်းဆုံး လူလည်းမုန်းတာခံလိုက်ရတယ်။

နောက်ဆုံး ဒေါသလည်းထွက် ရှက်လည်းရှက်နဲ့ နောက်တစ်မှတ်တိုင်ရောက်တော့ ဆင်းမယ်ကွာ ဆိုပြီး ဆင်းချလိုက်တယ်။

ဆင်းခါနီးတောင် စပယ်ယာက ပြောလိုက်သေးတယ်

"လူလိမ်တစ်ကောင် ဆင်းမယ် ဆရာရေ..." တဲ့

တောက်!!!!!
Credit
Bro Nay Linn

Comments