ဆရာအဆင့်ဟူသည်
ဆရာအဆင့်ဟူသည်
ဆိုင်ကယ်ကယ်ရီသမား ဘ၀ကပေါ့။ နေ့ဘက်ဆိုရင် ကယ်ရီလိုက်တယ်။
အဲ၊ ညဘက်ဆိုရင် ဇယားတွေနဲ့ လိုက်ချိတ်တယ်။ ချိတ်ဖို့ကလည်း အဆက်အသွယ်ကောင်းပြီး မင် ရှိမှ။ ကိုယ့် ကို ပထမဆုံး အဆက်အသွယ်စပ်ပေးတာက ကိုယ့်ဂိတ်မှူး။
ကိုယ့်ကို အင်မတန်ခင်တယ်။ ဒီလို အဆက်အသွယ်မျိုးက တော်ရုံခင်တဲ့လူကို မပေးဘူး။ ကိုယ့်ကို ရုံတကာ့ရုံ ခေါ်သွားပြီး ဇယားတွေနဲ့ မိတ်ဆက်ပေးတယ်။ ကမ်းနားဘက်၊ ဘုရားကြီးဘက်၊ ကားဂိတ်နဲ့ တည်းခိုခန်းမန်နေဂျာတွေကအစ အကုန် မိတ်ဆက်ပေးတယ်။
အဓိကက ဖုန်းနဲ့ ချိတ်တာပဲ။
လူတစ်ယောက်က တည်းခိုခန်းလာတည်းပြီး တစ်ယောက်လောက် ခေါ်ချင်တယ် ဆိုရင် မန်နေဂျာကို ညှိ၊ အသက်အရွယ်ဘာညာနဲ့ ဈေးကို မန်နေဂျာက ကိုယ့်ဆီ လှမ်းပြော။
ကိုယ်က အခန်းကနေ ဖုန်းဆက်ပြီး
` အေးနွယ်ရေ ၊ မြသီတာ တည်းခိုခန်းမှာ Aည့်သည်တစ်ယောက်ရတယ်။သွားလိုက်´
ဒါပဲ။
ဈေးက ပြောစရာမလို။ ကိုယ်လည်း မညာဘူး။ ဒီအလုပ်ကို လုပ်တာက အဓိက ယုံကြည်မှုပဲ။
တစ်ခါ တစ်ခါ ဖောက်သည် မရတဲ့ ကလေးမတွေ ရှိရင် ဖုန်းဆက်လာတယ် ။
`အစ်ကိုရေ ဒီနေ့ ဖောက်သည် မရဘူး၊ ရှာပေးဦး´ ဆိုရင် ကိုယ့်မှာ ကားဂိတ်တွေ ဘာတွေ ရောက်သွား၊ ခရီးသည်ကား ဆိုက်တာနဲ့ တည်းဖို့ ဘာညာ စကားခင်းပြီး ဒီလို ဇယားတွေ ရှိကြောင်း ဆွယ်ရတယ်။
ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ရင် ကိုယ်က ဆရာတစ်ဆူပဲ။ တစ်ည တစ်ည ဖုန်းလေး ဆက်နေရုံနဲ့ သုံးလေးငါးသောင်း အိတ်ထဲ ကောက်ထည့်ရုံ။
ဒီအလုပ် လုပ်ကြတဲ့ မိန်းကလေးတွေကလည်း ကိုယ့်ကိုယ် ဆိုရင် ယုံတယ်။ဘယ်ကိုသွားလိုက်ဆိုရင် ရောက်သွားတာပဲ။ကိုယ်က ချိတ်ပေးခကို အပြည့်မယူဘဲ သူတို့ အဆင်မပြေရင် ကူညီရုံပဲ ကူညီတာကိုး။
ထားတော့။
တစ်ခါတစ်ခါ ညဘက် အခြေအနေကောင်းရင် မနက်မှာ ကယ်ရီ ထွက်စရာတောင် မလိုဘူး။
အဲ ၊ ကယ်ရီ မထွက်ဘဲ ကော်ဖီဆိုင်မှာ နှပ်နေတဲ့ တစ်နေ့ပေါ့။
ကော်ဖီ ဆိုင်မှာမိန်းကလေးတစ်ယောက် ဆေးလိပ်လာဝယ်တယ်။ သူ့မျက်နှာ သူ့အချိုးကို ကြည့်တော့ ကိုယ်နဲ့ မရင်းနီးသေးတဲ့ လိုင်းဘက်ကပဲ လို့ တစ်ထစ်ချ မှတ်ယူလိုက်တယ်။
သူ့ကို အကဲခတ်နေတုန်း ဘေးနားက ကိုယ်နဲ့ ရွယ်တူလူနှစ်ယောက်က အချင်းချင်း လက်ကုတ်ပြောတယ်။
`ဇယား ထင်တယ်´ ဆိုတဲ့ ခပ်တိုးတိုးအသံ။
`အေး၊ သူ့နာမည် နှင်းငယ် တဲ့´
`ဘယ်ကလဲ´
`ကမ်းနားကပဲ၊ ရွှေလက်ရာ စားသောက်ဆိုင်ဘေးက အခန်းမှာ အလုပ်လုပ်တယ်၊ အပြုအစု ကောင်းတယ်ကွ၊ အသစ်ပဲ၊ ဒီနယ်ကို ရောက်လာတာ သုံးလေးရက်ပဲ ရှိသေးတယ်´
သူတို့ပြောတဲ့ အသံကတိုးတိုးလေး ဆိုပေမယ့် နီးနေတော့ အတိုင်းသား ကြားရတယ်။ ရွှေလက်ရာက ကေသီ၊ နှင်းနု၊ မိမိုး တို့ကို ကိုယ်က သိပေမယ့် ဒီ အသစ်ကို မသိသေးဘူး။
`အသစ်ဆိုရင် ညကျ သွားရအောင်´
`အသစ်ဆိုပေမယ့် ဘယ်နယ်က ကြွလာမှန်းမသိဘူး၊ ဝါရင့်နေပြီ၊ မင်းသွားချင်ရင် ညဈေးဘက်က ဆင်းသိဂီင်္ KTV ကိုသွား။ အဲဒီမှာ အသက်၂၄ လောက် နှစ်ယောက်ရှိတယ်၊ အဲဒါမှ တကယ့်အသစ်၊ ဖူးဖူး ဆိုတဲ့ ကောင်မလေးက တကယ့် အကိတ်၊ ဈေးတော့ များတယ်´
ဟော။
စိတ်ထဲနည်းနည်းတော့ တင်းလာပြီ။
အဲဒီ ktv မှာ အိမြတ်၊ သော်တာ၊ ချစ်သက် စတဲ့ ဇယားတွေက ကိုယ်နဲ့ ဆက်သွယ်နေကြ မိန်းကလေး တွေ။ သူပြောတဲ့ ဖူးဖူးကို အခုမှ ကြားဖူးတယ်။ သူတို့ စကားဝိုင်းကို အသာလေး နားစွင့် နေလိုက်တယ်။
`ဈေးနည်းတာ ရှာချင်ရင် ငှက်ပြောတော ဘက်ကိုသွား၊ ထိပ်တန်း ဓာတ်ဆီဆိုင် လမ်ကြားထဲက ကြယ်တာရာ မာဆတ်မှာ ဈေးသင့်တာတွေ ရတယ်´
ကြည့်။
ကိုယ့်ကိုယ်ကို အထင်ကြီး မာန်ဝင့်နေသမျှ ဒီငနဲ နဲ့ တွေ့တော့ နည်းနည်း ရှိန်ရတယ်။ အဆက်အသွယ်လောကမှာ မောင်နုဟေ့ ဆိုရင် တစ်ပတ်ချာလည် ဒီလောကသား အားလုံး သိတဲ့သူ။
သူက ကိုယ့်ထက် သာနေမလား။
ဒီကောင့် ၀င်ငွေနဲ့ အဆက်အသွယ်ကို မှန်းကြည့်လို့ ရတယ်။ ဒါလူမျိုးကို အောက်သက်က တပည့်ခံရရင် သူ့စားကျက်က ကိုယ့်စားကျက် ဖြစ်လာမယ့် အကွက်။
ဒါနဲ့ ခုံလေး သူတို့အနားကပ်လို့ မိတ်ဆက်ပြီး
` အစောက စကားတွေ ကြားလိုက်လို့ အစ်ကို၊ ဝါသနာပါလို့ ချိတ်ပေးပါလား၊ အချို့က ဈေးကြီးပြီး ခေါ်လာရင် ပုံမလာ ပန်းမလာကြီးတွေဗျာ´ ဘာညာ နဲ့ စကားခေါ်တဲ့အခါ
ပြည့်လျှံနေတဲ့ ဒေသန္တရဗဟုသုတ ရေအိုင်ကြီးက ဝေါခနဲ ဝေါခနဲ ပြိုကျလာတဲ့ အလား ဈေးနဲ့ အသက်အရွယ်၊ နေရာဌာန အဆက်အသွယ် ၊ အသစ် အဟောင်းမျိုးစုံကို တအံ့ တသြကြီး သိလိုက်ရတယ်။
ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် မာန်တက်တက်၊ မောင်နုဟာ ဒီတစ်ခါတော့ ဖျားတော့တာပဲ လို့ မှတ်ရလောက်အောင် အဲဒီလူကို ဆရာခေါ်ချင်စိတ်ကို ပေါက်သွားတာ။
ဒီလို ဝါရင့်တဲ့ အသိနဲ့ တစ်ရက်တစ်နေ့ကအစ ပေါ်လာသမျှ အသစ်အသစ်တွေကို သိပုံထောက်ရင် သေချာပေါက် ဝါရင့် ဖာခေါင်းပဲ ဖြစ်ရမယ် ဆိုတာ သာမန်လူတောင် သိနိုင်တဲ့ အချက်။
ကိုယ်က ဒီအလုပ်လုပ်စားသူ။ ဒီလိုလူနဲ့မှမချိတ်နိုင်ရင် တစ်ခေတ်နောက်ကျမှာပေါ့။
ဒါနဲ့ ပေါ်တင်မေးရတယ်။
`အကုန်ကို သိနေတာဗျာ၊ အင်မတန်လေးစားပြီ။ ဒါနဲ့ အစ်ကိုက ခေါင်းလုပ်တာ ကြာပြီလားဟင်´ လို့ အောက်သက်က မေးရတယ်။
ဘေးကလူက ကိုယ့်စကားကြောင့် မျက်လုံးပြူးတယ်။ သူကတော့ စီးကရက် တစ်လိပ်ဖွာ လိုက်ရင်း ဖြေရှာတယ်။
`ခေါင်း မဟုတ်ဘူး၊ ငါက ရဲ ´ တဲ့။
-----------
Copy
Via::Oo KaungNaing

Comments
Post a Comment