နင့်မေကလွား ငိုက်မနေနဲ့ လူကြီးကရောက်တော့မယ်

''ဒီနေ့ ဌာနဆိုင်ရာအကြီးအကဲ
လာကြည့်ဖို့  ရှိတယ်...မင်းတို့တွေ မနက် ၇:၀၀ နာရီ ရောက်အောင်လာပါ...''

လူကြီးလာမယ့်မနက်မှာ အားလုံး မနက် ၇:၀၀ ကတည်းက ရုံးကို ရောက်နေကြတယ်...

''အေး သန့်ရှင်းရေးသေချာလုပ်ထား အပြောမခံရစေနဲ့ ''

မနက် ၇ နာရီကတည်းက stand by စောင့်နေရတာ ... ၁၁ နာရီအထိ လူကြီးကပေါ်မလာသေးဘူး...ဝန်ထမ်းဘဝမှာ ဒါကလည်း ထုံးစံလိုဖြစ်နေတာကိုး...

ဗိုက်ကလည်းဆာ... ထမင်းကလည်း မစားရဲသေး...

နေ့လည် ၁ နာရီခွဲလောက်မှ လူကြီး ရောက်လာတယ်...

လူကြီးက ကျနော်တို့ ကိုကြည့်ပြီး
''မင်းတို့ ထမင်းစားပြီးပြီလား''တဲ့

''ဟုတ် စားပြီးပါပြီ'' လို့ပဲ ထုံးစံအတိုင်း ဖြေလိုက်တယ်...

နိုင်ငံတော်အကြီးအကဲက
ကျနော်တို့  ဦးစီးမှူးဘက်ကိုလှည့်ပြီး...

''သူတို့ ထမင်းစားပြီးသွားပြီလား''

ဦးစီးမှူးမျက်နှာ ဇီးရွက်လောက်ပဲရှိတော့တယ်... မယုံလို့မေးတာဆိုတော့ ထပ်မလိမ်ရဲ...

''ဒီမှာ ကျွန်တော်ပြောပြမယ်...
ကျနော်ဒီရုံးကိုလာတာ ခင်ဗျားတို့ အခက်အခဲကိုလာကြည့်တာ... လာလေ့လာတာ... ခင်ဗျား တို့ကိုလာညှင်းဆဲတာမဟုတ်သလို လာအနိုင်ကျင့်တာမဟုတ်ဘူး … On paper မှာဘယ်လို…ground မှာဘယ်လိုဆိုတာသိဖို့ ...လာကြည့်တာ...ခင်ဗျားတို့ ကျုပ်ကိုဝိုင်းလိမ်ဖို့ ..ကြိုးစားနေကြတာပဲ...

ဒီမှာ ..ကျွန်တော်မလာတဲ့ရက်မှာ ခင်ဗျားတို့ရုံးက ဒီလိုပဲသန့်ရှင်းနေတာလား... ကျနော့်ကိုသန့်ရှင်းရေးလာစစ်တယ် ထင်နေတာလား...
ခင်ဗျားတို့ အခြေအနေမှန်ကို သိချင်လို့လာတာ...အခုခင်ဗျားရော ထမင်းစားပြီးပြီလား'

''မစားရသေးပါဘူးခင်ဗျ''

''ဟုတ်ပြီ ဝန်ထမ်းတွေကို ထမင်းစား ဖြုတ်ပေးလိုက်... ခင်ဗျားလည်း ထမင်းစားလိုက် ထမင်းစားပြီးမှ
စကားဆက်ပြောမယ်...''

ကျနော်တို့ ဝန်ထမ်းတွေ ထမင်းစားနေတုန်း ဦးစီးမှူးရောက်လာတယ်...

''တစ်နာရီ အချိန်ရမယ် စားပြီးရင်
ကိုယ့်နေရာမှာ ကိုယ်ပြန်နေ''

************

''ကျွန်တော်လာမယ်ဆိုတာ ခင်ဗျားတို့  ကြိုသိတယ်မဟုတ်လား''

''ဟုတ်သိပါတယ်ခင်ဗျ''

''ကျွန်တော်က ခင်ဗျားတို့ မိတ်ကပ်လိမ်းထားတဲ့မျက်နှာကို လာကြည့်တာမဟုတ်ဘူး...

ခင်ဗျားတို့ရဲ့ ပုံမှန်အခြေအနေကို လာကြည့်တာ...

ကိုယ့်အချိန်ဇယားအတိုင်းကိုယ်လုပ်ပေါ့  ထမင်းစားချိန် ထမင်းစားပေါ့...

ခင်ဗျားတို့ ထမင်းစားနေတုန်း ကျွန်တော်ရောက်လာရင် ထကိုမကြို နဲ့ ... ပြီးအောင်ဆက်စား...

တစ်ခုပဲ . ကျနော့်ကို လာမလိမ်နဲ့ ..ဟန်မဆောင်နဲ့ ... လုပ်မြဲလုပ်နေ
လုပ်စရာရှိတာလုပ်နေ... အခက် အခဲကိုတင်ပြ...ရှင်းရှင်းလေး... ကျနော်ဇိမ်လာခံတာ မဟုတ်ဘူး လာပြီး ဂါရဝအပြုခံတာ လည်းမဟုတ်ဘူး... အခြေအနေမှန် ကိုလာကြည့်တာ ...''

''ဟုတ်ကဲ့''

''ခင်ဗျားတို့ နေ့စဉ်လုပ်နေတာ အလုပ်လား အပြစ်လား''

''အလုပ်ပါ ခင်ဗျ''

''အေးလေ အဲ့ဒါဆို ဘာဖုံးကွယ်စရာလိုလဲ ဘာဟန်ဆောင်စရာလိုလဲ

ဝန်ထမ်းတွေကို ကျနော်စကားနည်း နည်းပြောချင်တယ်...
ခင်ဗျားတို့လည်း လခစားဝန်ထမ်းပဲ
ကျနော်လည်း လခစားဝန်ထမ်းပဲ မတူညီတဲ့အလုပ်ကိုလုပ်နေကြတယ် ဆိုပေမယ့် အားလုံးက နိုင်ငံတော်အတွက် အလုပ်လုပ်နေသူချည်းပဲ ကျနော်က ခင်ဗျားတို့ အလုပ်ရှင် မဟုတ်ဘူး ခင်ဗျားတို့ ကလည်း ကျနော့်အလုပ်သမားမဟုတ်ကြဘူး ဒီတော့ ကိုယ့်အလုပ်ကို ရဲရဲဝံ့ဝံ့နဲ့ .. ဂုဏ်ရှိရှိလုပ်... ကျနော့ အယူအဆကတော့ ...
ကိုယ့်တာဝန်ကိုယ်ကျေခြင်းဟာ
ဂုဏ်သိက္ခာရှိခြင်းပဲ...

ဒီနေ့ လာတဲ့ရည်ရွယ်ချက်က...
ကျနော်က နိုင်ငံ့ဝန်ထမ်းတစ်ယောက် အနေနဲ့  ဗဟိုကနေပြီး ကြီးကြပ်ရတယ် ဒီအတွက် အောက်ခြေမှာ ဖြစ်နေတဲ့ အဖြစ်အပျက်ကို အမှန်အတိုင်း သိဖို့လိုတယ်... ဒါမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ်...
အခုတော့ ခင်ဗျားတို့ကပါဝိုင်းလိမ်နေကြတယ်.,
စဉ်းစားကြည့်စမ်း ကျွန်တော်လာတဲ့နေ့မှာ ခင်ဗျားတို့  နေ့လည်စာမစားရဘူးဆိုတော့ ကျနော်က လာဒုက္ခပေးတဲ့သူလား

ခင်ဗျားတို့ကို အပြစ်မတင်ပါဘူး ခေတ်အဆက်ဆက်က ဒီလိုချည်းပဲ
အေး ကျနော်တို့ ပြောင်းလဲရမယ်...
ခင်ဗျားတို့လည်း ကိုယ့်အလုပ် ကိုယ်လုပ် ကျနော်လည်း ကျနော့် အလုပ်ကျနော်လုပ်မယ်...
ခေတ်စကားနဲ့ ပြောမယ်
ကျနော့်ကို ဝိုင်းပြီး ဂျင်းမထည့်နဲ့ ''

လူကြီးက စကားခဏရပ်ပြီး

''ဦးစီးမှူး ရုံးဘယ်အချိန်ဆင်းလဲ''

''ညနေငါးနာရီဆင်းပါတယ်''

''အဲ့ဒါဆို အဲ့မတိုင်ခင် အပြီးဖြတ်ရအောင်
အစည်းဝေးခန်းသွားမယ်
တင်ပြစရာရှိတာ ရဲရဲဝံ့ဝံ့တင်ပြပေါ့''

********************
လူကြီးပြန်သွားတော့ ဦးစီးမှူးမျက်နှာကကျေနပ်နေတဲ့မျက်နှာနဲ့ ...

''ငါဒီနေ့ အဆူခံရတာ တန်တယ်ကွာ'' တဲ့

စိတ်ထဲမှာ ပြန်ပြောလိုက်မိတယ်

''ခင်ဗျား အဆူခံရတာမဟုတ်ပါဘူး
ရိုးသားခြင်းနဲ့ အသားမကျသေးတော့ ဒီစကားတွေက ခင်ဗျားအတွက် စိမ်းနေသေးတာပါလို့ 

ဖျောင်း...
နင့်မေကလွား ငိုက်မနေနဲ့
လူကြီးကရောက်တော့မယ်
Xxxxxxxxxxccxxxxccxx
. . .

Copy
Credit


Comments